Sunday, May 02, 2010

တိတ်ဆိတ်ည

အသံမဲ့ တိတ်ဆိတ်နေတဲ့ ညပေါင်းများစွာထဲက နေ့လေးတစ်တစ်နေ့ကို မှတ်မိနေပါသေးတယ်၊ အဲ့နေ့က ခါတိုင်းလိုပါပဲ မထူးဆန်းစွာနဲ့ မီးမလာပါဘူး၊ အဲ့အမှောင်ညထဲမှာ တစ်ကိုယ်ရည်ထဲလမ်းလျှောက်ထွက်လာခဲ့ပါတယ်..၊ မထင်မှတ်ပဲ ရွာချလိုက်တဲ့ မိုးကြောင့် တစ်ကိုယ်လုံး စိုစိုရွဲကာ အိမ်ကို သတိကြီးစွာနဲ့ ပြန်လာခဲ့ပါတယ်၊ လမ်းကွေ့ တစ်နေရာအရောက် အုတ်ခုံလေးပေါ်မှာ ကောင်မလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရတယ်၊ ပထမတော့ အမှတ်တမဲ့လိုနေရင် သူမရှေ့မှ ဖြတ်ကျော်တက်ကာ ကိုယ်နေထိုင်ရာ လမ်းလေးကို ဆက်ပြီးလှမ်းလာခဲ့ရင်း အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ရေမိုးချိုး အဝတ်အစားလဲပြီး ကော်ဖီပူပူလေး တစ်ခွက် ဖျော်သောက်နေရင်း စောနက မြင်ခဲ့ရတဲ့ ကောင်မလေး အကြောင်းအတွေးထဲရောက်လာတယ်၊ ဒီကောင်မလေး အရင်တုန်းက ဒီလမ်းထဲမှာ တစ်ခါမှ မမြင်ဖူးပါဘူး၊ ဘယ့်နှယ်ကြောင့် မိုးရေထဲမှာ ထွက်ထိုင်နေရတာပါလိမ့်၊ အို... မျက်စိမှားတာပဲနေမှာပါလေ ဒီလို မိုးရွာနေတဲ့ အချိန် ဒီလိုမျိုးဘယ်သူကထိုင်နေမှာလဲ၊ ငါမျက်စိမှားတာပဲ နေမှာပါလေ ဆိုပြီးမေ့ပျောက်ထားခဲ့တယ်..၊

နောက်တစ်နေ့
ဒီနေ့တော့ မိုးမရွာဘူး မီးကတော့ ထုံးစံအတိုင်း ပြတ်နေဆဲပါပဲ..၊ လမ်းထောင့်နားရောက်တော့ မနေ့ညက တွေ့ခဲ့ရတဲ့ ကောင်မလေးကို တွေ့ပြန်ရော..စိတ်ထဲတော့ သိပ်မသင်္ကာဘူး၊ ကောင်မလေးကတော့ မျက်နှာမှာ ပြုံးရောင်မသန်းပဲ တစ်ခုခုကို တွေးနေတဲ့ပုံစံမျိုးပါ ဒီတစ်နေ့လည်း ကောင်မလေးကို အမှတ်တမဲ့ပဲ နေခဲ့ပါတယ်

တတိယမြောက်နေ့
ဒီနေ့လည်း ဒီအုတ်ခုံလေးပေါ်မှာ ထိုင်နေမြဲပါလား။ သူမကို ကြည့်တော့လည်း ဘာမှ မထူးခြား အရင်နေ့တွေက အတိုင်းပင်..၊ သိချင်စိတ်က မရိုးမရွဖြစ်လာတယ်..၊ ဒါနဲ့ ကောင်မလေး အနားကို ကပ်သွားပြီးမေးကြည့်မိတယ်၊ " ဟဲ့ကောင်မလေး နင့်ကို အရင်ကငါမမြင်ဖူးပါဘူး ၊ ပြီးတော့ နင်ဒီမှာ ထိုင်နေတာ ၃ ရက်ရှိသွားပြီ ဒီမှာဘာထိုင်လုပ်နေတာလဲ ????? မေးခွန်းတွေ တရစပ်ကို မေးလိုက်တော့ ကောင်မလေးက ခပ်ဟဟလေး ပြောလာပါတယ်....

"ကျွန်မကို လာခေါ်မဲ့သူမရှိသေးလို့ စောင့်နေတာ၊ ကျွန်မကို သူတို့လာမခေါ်သေးဘူး ၊ သူတို့လာခေါ်တဲ့ အချိန်ထိစောင့်ရမှာ"
ဒါနဲ့ သိချင်စိတ်ကပိုများလာခဲ့ပါတယ်၊ ကောင်မလေးဘေးနားကို အသာလေး ဝင်ထိုင်လိုက်တော့ ကောင်မလေး နည်းနည်းတွန့်သွားပုံရတယ် "မကြောက်ပါနဲ့ ငါမင်းကို ဘာမှ မလုပ်ပါဘူး၊ ငါဟာ လူကောင်းတစ်ယောက်ပါ" ကောင်မလေး ဘာမှ ပြန်မပြောပါ...၊ ဒါနဲ့ ဆက်ပြီး ပြောပါတယ်....
" မိန်းကလေး တစ်ယောက်ထဲ ညကြီးအချိန်မတော် ဒီလိုတစ်ယောက်ထဲ ထိုင်နေတာတော့ မကောင်းဘူး၊ မင်းမှာ အိမ်မရှိဘူးလား"
"အိမ်"
"ဟုတ်တယ်လေ၊ မင်းမှာ အိမ်မှာ မရှိဘူးလားလို့"
"ဟုတ်တယ် ကျွန်မမှာ အိမ်မရှိဘူး"
"ဘယ်လို... မင်းမှာ အိမ်မရှိဘူး ဟုတ်လား"
"ကျွန်မမှာ နေစရာ အိမ်မရှိဘူး၊ ဒါကြောင့် ဒီနေရာလေးကနေ သူတို့လာခေါ်မဲ့ အချိန်ထိစောင့်နေတာပေါ့"
"သူတို့ဆိုတာ???"
"ကျွန်မကို လာခေါ်မဲ့ သူတွေပေါ့"
"မင်းပြောတာ ငါသိပ်နားမရှင်းဘူး"
"ကျွန်မ ဒါတွေကို ပြန်မပြောချင်ဘူး"
"င်္ဒိတော့ ဒီလိုလုပ် နောက်ထပ် ၄ ရက်နေရင် ဒီအချိန် ရှင်ပြန်လာခဲ့ပါ..လောလောဆယ်တော့ ကျွန်မတစ်ယောက်ပဲ အေးဆေးနေပါရစေ"
"ကောင်းပြီလေ နောက်ထပ် ၄ ရက်နေရင် ငါမင်းဆီကို ငါပြန်လာခဲ့မယ်"
ပြောပြီး သူမ အနားမှ ထထွက်လာခဲ့တယ်....

၎ ရက်... ၅ ရက်.. ၆ ရက် မြောက်တဲ့နေ့တွေ မှာ သူမကို မတွေ့ရတော့ပါဘူး.၊ ဧကန္တ ကျွန်တော်တွေ့မည် စိုးသည်ထင့်... ၇ ရက်မြောက်တဲ့နေ့ကြတော့ သူမကို တွေ့လိုက်ရတယ်..။ ဒါနဲ့ သူမဘေးနားမှာဝင်ထိုင်ရင်း စပြောလိုက်ပါတယ်၊
"ဆိုပါအုံး "
"ကျွန်မ သွားရတော့မယ်၊ ကျွန်မနဲ့ ရှင်တွေ့တာ ဒီနေ့နောက်ဆုံးပဲ မကြာခင် သူတို့ လာခေါ်တော့မှာ"
"ဘယ်လို"
"ဟုတ်တယ် ကျွန်မက သာမန်လူမဟုတ်ဖူး၊ လွန်ခဲ့တဲ့ တစ်ပတ်က ဒီနေရာလေးမှာ ကား Accident တစ်ခုနဲ့ ကျွန်မကွယ်လွန်ခဲ့ရတယ်၊ ဒါကြောင့် လူ့ဘဝမှာ မရှိတော့တဲ့ ကျွန်မဟာ ဘယ်ကိုမှ သွားပိုင်ခွင့်မရှိဘူး၊ သူတို့လာခေါ်တဲ့ အထိ ဒီနေရာလေးကနေပဲ စောင့်နေရတာ"
"ဟင် ဒါဆို မင်းက လူမဟုတ်ဖူးပေါ့"
"ဟုတ်တယ် ကျွန်မက လူမဟုတ်ဖူး"
"လွန်ခဲ့တဲ့ ၃၊ ၄ ရက်ကရော မင်း ဘယ်ရောက်သွားတာလဲ"
"ကျွန်မ ဘယ်မှမသွားပါဘူး၊ ဒီအုတ်ခုံလေးရဲ့ နောက်က သစ်ပင်လေး နောက်မှာပဲ ကျွန်မရှိနေခဲ့တာပါ"
အဲ့ဒီ အချိန်မှာ မြင်းနှစ်ကောင်ဆွဲတဲ့ ရထားလုံးတစ်စီး ရှေ့ကို ဆိုက်လာတယ်...ပြီးတော့ ခေါင်းမြီးခြုံနဲ့ လူနှစ်ယောက်ဆင်းလာတယ်..ပြီးတော့ သူမကို လာခေါ်တယ်..၊"ကျွန်မ သွားရတော့မယ်" ဆိုပြိး ထိုလူကြီး နှစ်ယောက်ခေါ်ရာကို လိုက်ပါသွားခဲ့ပါတယ်။ ထို ရထားလုံးလည်း ကျွန်တော့်မျက်စိရှေ့က ဖျောက်ခနဲ ပျောက်ကွယ်သွားပါတော့တယ်....။
ဒါဟာ အိမ်မက်လာ...တစ်ကယ်လား ကိုယ့်ကိုကိုယ်တောင် မသေချာတော့လောက်အောင် တွေဝေ ဆွံ့အခဲ့ ရပြီလေ.....



2 comments:

မိုးခါး said...

ပုံပြင်လား ..း)

Anonymous said...

ကိုယ်တွေ့ လား....စိတ်ကူးယဉ်ခြင်းလား...ပိုးဟပ်လေးရေ။
ဘာပဲဖြစ်ဖြစ်...သူမဘဝအကူးလေး ကောင်းမွန်အေးချမ်းပါစေ....:)...
ခင်မင်လျှက် ......ခင်မာလာအောင်..:)