Thursday, May 27, 2010

မျက်ဝန်းထဲက ငိုရှိုက်သံ

မတူညီတဲ့ အခွင့် အရေးတစ်ခုကို ရခဲ့တယ်.....
မတူညီစွာပဲ အခွင့် အရေးတရပ် ဆုံးရှုံးခဲ့တယ်...
အကျွန်ုပ်ကပဲ ညံ့ခဲ့တာလား ??????
သူတို့ကပဲ တော်တာလား????
ဘာပဲဖြစ်ဖြစ် ရှုံးနှိမ့် ခဲ့ရပြီးပြီလေ...

နက်ဖြန်ပေါင်းများစွာ ကျန်နေသေးတယ်
ဘယ်သူနဲ့မှ လည်းမျက်နှာချင်းမဆိုင်ရဲတော့ဘူး
ထိတ်လန့် တကြားဖြစ်နေတဲ့ ငါ့နှလုံးသားမှာ
ဒဏ်ရာပေါင်း များစွာတွေနဲ့ပေါ့
ဒီ ဒဏ်ရာတွေကို ကျက်တဲ့ အထိငါခံနိုင်ရည် ရှိပါ့မလား

အောင်ပွဲမှာ အနိုင်ရသူတွေကတော့
ပျော်ရွှင်စွာ အောင်ပွဲခံ နိုင်ပေမဲ့..
ရှုံးနှိမ့်သူ ရဲ့ ရင်ထဲမှာတော့....
ဒါတွေကို မခံစားနိုင် မတွန်းလှန် နိုင်လို့.....
ရူးခဲ့ရတာလည်း အကြိမ်ကြိမ် အခါခါ

အား........
လောကကြီးကို ကြောက်တယ်
အနိုင်ကျင့် တတ်တဲ့သူတွေကို မုန်းတယ်
ကိုယ့်ကိုကိုယ်လည်း ဒေါသတွက်တယ်
ကံကြမ္မာကြီးကို လည်း မျက်မုန်းကျိုးတယ်

နောက်ဆုံးသော ရလဒ်က
သနားပါတယ်တဲ့
သနားပါတယ်ဆိုတဲ့ ခေါင်းစဉ်မှာ
အသက်ရှု ရပ်ခဲ့ရပြီလေ..
ပြီးသွားပြီ..... တကယ်ကို ပြီးဆုံးသွားပြီ..


Wednesday, May 26, 2010

ပေါက်ကွဲသံစဉ် နဲ့ ငွေ

လောကကြိးမှာ ဘာမှ အလကားမရဘူး ဆိုတာ မှန်တယ်
လူတစ်ယောက်ကို ခင်မင်ခွင့် ရနိုင်ဖို့ အချိန်နဲ့ ဝယ်ယူရတယ်...
အလှည့်စား ခံရဖို့အတွက် တုံးအမှု တစ်ခုနဲ့ ဝယ်ယူရတယ်...
ဘယ်သူ ဘာပြောပြော ငါကတော့ တုံးအလို့ အလှည့်စား ခံလိုက်ရပြီးပြီ
ငါ့ကို အကြိမ်ကြိမ် လှည့်စားတယ် လှည့်စားမှုတိုင်း ငါခံရတယ်...
ခံရတဲ့ အချိန်တိုင်း အကြိမ်ကြိမ် ငါသေတယ်...
သိသိကြီးနဲ့ ရှောင်လွှဲလို့ မရခဲ့ဘူး ( မရနိုင်သေးဘူး )
ဘာကြောင့်လည်း..
တစ်ခြားသော တစ်ခြားသော ကိစ္စ တွေကြောင့်
ငါ့ကိုယ်ငါ Prepair မလုပ်နိုင်ခဲ့ဘူး ( မရသေးဘူး )
ဘာကြောင့်လည်း..
ငွေလေ.. ဟုတ်တယ် ငွေပဲ
ငွေကြောင့်ပေါ့...
သူတို့နဲ့ ဝေးရာထွက်သွားနိုင်ဖို့ ငါ့မှာ ငွေ မလုံလောက်ဖူး..( လိုနေသေးတယ် )

Saturday, May 22, 2010

ပိုးဟပ်လေးနှင့် သူ၏ တစ်နေ့တာ

ကလင်...ကလင်...ကလင် ( Alam မြည်သံ )
နံနက် ၅ နာရီ ၃၀ အိပ်ချင်မူးတူးနဲ့ နိုးတယ်....။ ပြန်ပိတ်ပြီး အိပ်တယ်
ကလင်...ကလင်..ကလင်
နံနက် ၅ နာရီ ၄၅ မထချင် ထချင်နဲ့ အိပ်ယာထတယ်.... (ကိုယ့်အကြောင်း ကိုယ်သိတယ် ပြန်အိပ်ရင် သေချာပေါက် နောက်ကျပြီ :P)။ မျက်နှာသစ် ( တကယ်တော့ မျက်နှာကို ရေနဲ့ပွတ် ပြီးတော့ ဆပ်ပြာနဲ့တိုက် ပြီးတော့ ရေနဲ့ ပြန်ဆေးချတာပါ )၊ သွားတိုက် ပြီးတော့ ရေကမန်းကတန်းလောင်းချ ( ရေချိုးနေရင် ကြာနေမှာ ဆိုးလို့..... ၁၀ မိနစ်အတွင်း ပြီးအောင်လုပ်ရတာကိုး) ပြီးတော့ အဝတ်အစားလည်း ပြီး မနက်စာ မစားနိုင်ဘူး ( ရှိမှ မရှိတာ )။ ကားပေါ်တက် စက်နှိုး အလုပ်သမားတွေ ရှိတဲ့နေရာကို သွားရတယ်.၊ ပြီးတော့ Site ရှိတဲ့ နေရာကို ၆ နာရီ ၄၀ လောက်အရောက်မောင်းရတယ်။ ဒါမှလည်း Site ထဲမှာရှိတဲ့ ပေါ့ပျက်ပျက် အရသာတွေနဲ့ ကြော် လှော်ထားတဲ့ Canteen ကို အလုပ်သမားတွေ အချိန်မှီရောက်မှာကိုး... ကိုယ်လည်း ကားကြီး အပြင်ထားခဲ့ရတယ်လေ..။ ပြီးတော့မှ အပြင်မှာရှိနေတဲ့ ကားသမား နှစ်ယောက်က ရုံးမှာ ကားကို Parking ထိုးပေးရတယ်။ အပြင်မှာ ဒီအတိုင်းထားခဲ့လို့ မရဘူး၊ ထားခဲ့တာနဲ့ fine ရိုက်တဲ့သူလာရင် $80 ဆိုတဲ့ စာရွက်ကို Wiper ကြားထဲ ညှပ်ညှပ်သွားတယ်...တစ်ချို့နေရာတွေဆို ကားကို တောင် မ, သွားတာ...ပြီးရင် ဘယ်မှာလာရွေးပါဆိုရင်တော့ သေပြီသာမှတ်... ဒုက္ခလည်းရောက်သေးတယ်...ပြီးတော့ $5000 နဲ့ အထက်ဆိုတော့ Boss ကဘယ်ကြည်မလည်း ဒီလိုပဲ အဆင်ပြေအောင် လုပ်ရတာပဲ ( သိတယ်ဟုတ်... စင်္ကာပူလေ ) ဘာမှ အလကားမရဘူး။ ကားအကြောင်းပြောနေတာနဲ့ လိုရင်းပျောက်သွားတယ်...
Site ထဲရောက်တာနဲ့ အရင်ဆုံး Canteen ကို သွားရတယ်၊ မသွားရင် အငတ်ပဲ ၇ နာရီ ၂၀ ဆိုရင် ပထမ Alam အော်ပြီဆိုရင် canteen မှာ ရောင်းနေတာတွေ အားလုံးရပ်၊ ဆက်မရောင်းတော့ဘူး။ ရောင်းလို့လည်း မရတော့ဘူး ဘဘကြီးက လိုက်ဖမ်းတယ်။ စာပြီးသောက်ပြီးတဲ့သူကတော့ ကိုယ်အလုပ်လုပ်ရမဲ့ နေရာအသီးသီး ကိုသွားကြတယ် ၇ နာရီခွဲရင်တော့ ဒုတိယ Alam လာပါပြီ.. အဲ့ အခါကျရင်တော့ အကုန်လုံး အလုပ် စလုပ်နေပါပြီ...။ ပိုးဟပ်လေး မပါ..:D ပိုးဟပ်လေး deperment က အေးဆေးပဲ.. ဖင်လှည့် ခေါင်းလှည့်နဲ့ ကိုယ်အလုပ်လုပ်ရမဲ့ ရုံးခန်းသေးသေးလေး ( ပေ ၂၀ ကွန်တိန်နာပေါ့ ) ကိုသွားတယ် ပြီးတော့..ကွန်ပျူတာဖွင့်တယ်.. အရင်ဆုံးလုပ်ရတာက ရောက်လာတဲ့ အလုပ်သမားနဲ့ ကွန်ပျူတာမှာ ပေါ်တာနဲ့ စာရင်း ကိုက်ညီမှု ရှိမရှိ စစ်ဆေးရတယ်၊ ကိုက်ညီသွားရင်တော့ နောက်ပိုင်းအလုပ်တွေက အေးဆေးပါပဲ။ ကိုက်ညီမှု မရှိရင်တော့ လျော့တဲ့သူကိုရှာ ပြီးရင် Security ကိုသွားပြန်ပြောရပါတယ်။ မနက်က Scan ဖတ်တာ မမိလို့ပေါ့..။ အလုပ်သမားကို ပါခေါ်သွားရတယ်၊ လိမ်လည်မှု မရှိကြောင်း သက်သေအနေနဲ့ခေါ်သွားရတာပါ၊ အားလုံး အဆင်ပြေသွားပြီးဆိုရင် ကျန်တဲ့ အလုပ်တွေ ဆက်လုပ်ပါတယ်၊ print ထုတ်တယ်၊ နောက်နေ့ အတွက် pepair လုပ်တယ်၊ ပြီတော့ မနေ့က အလုပ်သမား ပြန်ချိန်ကို computer print out နဲ့ ပြန်တိုက်ကြည့်တယ် အားလုံး အိုကေတယ်ဆိုရင် အထက်ကို တင်တယ်၊ ဒါဆိုရင် Time Shift နဲ့ ပတ်သက်တာတွေ ပြီးပါပြီ။။ ကွန်ပျူတာ သုံးနေရင်းနဲ့ gtalk ဖွင့်တာ၊ Facebook သုံးတာကတော့ မပြောတော့ပါဘူးလေ...၊ ဒါကြောင့် ပိုးဟပ်လေး online ကိုနေ့တိုင်း ရောက်ဖြစ်နေတာပါ။ အဲ့လိုနဲ့ ညနေ ၆ နာရီခွဲ ဆိုရင် အပြင်ပြန်ထွက်ပါတယ် (Monday to friday).. saturday, sunday နဲ့ holiday ဆိုရင် ၄ ခွဲ အပြင်ရောက်နေပြီ။ ကားက အပြင်မှာ အဆင်သင့် ပြန်ရောက်နေပြီ။ overtime ကအလှည့်နဲ့ ယူရတာ။ မရတဲ့ နေ့ဆိုရင် Woodland ကို အလုပ်သမားတွေ လိုက်ပို့ပြီးရင် ပြန်တယ်၊ overtime ရတဲ့နေ့ဆို ရသလောက်ပါပဲ နေပေးရတယ်။ ချိန်းထားတာ ရှိလို့ ပြန်ချင်ရင်တော့ ကားသမား အချင်းချင်း ပြန်ညှိပြီး ပြန်ရတာပေါ့။
အိမ်ပြန်ရောက်ရင်လည်း ထုံးစံအတိုင်း online တက်တယ် ဘလော့ လိုက်လည်တယ်.. စာဖတ်တယ်.. ကွန်မန့်ပေးတယ်... Mode ဝင်ရင် စာရေးတယ်.. ဒီလောက်ပါပဲ... ည ၁၁ ခွဲ ၁၂ ဆိုရင် ကွန်ပျူတာပိတ် အိပ်။


Thursday, May 20, 2010

မသေခင် အချိန်လေး

ဘာရယ်လို့မဟုတ်ပါဘူး
စဉ်းစားမိတာလေးရှိလို့ ရေးကြည့်လိုက်တာပါ။ လူတော်တော်များများက သေချင်းတရားကို မေ့နေတတ်ကြတယ်လေ။ ဒီနေ့သေမလား နက်ဖြန်သေမလား၊ နိုင်ငံရပ်ခြားမှာသေမလား၊ ကိုယ့်အမိမြန်မာပြည်မှာသေမလား၊ ချက်ချင်းသေမလား၊ ရောဂါကြီးနဲ့ ဆေးရုံမှာဝေဒနာ အကြာကြီးခံစားရပြီးမှသေမလား၊ Accident နဲ့သေမလား..... လား..လား..လား.........
လား ပေါင်းများစွာနဲ့ ရှိနေတဲ့ လောကထဲမှာမှ ပုထုဇဉ်လူသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော် တစ်ယောက်လည်း ပါဝင်ပါတယ်။ လူတွေဟာ နေ့စဉ်နဲ့ အမျှ ဝမ်းစာရေး အတွက် သွားလာ လှုပ်ရှားနေကြတော့ ဒီအရာကြီးကို မေ့ထားတတ်ကြပါတယ်။ တစ်ခါတစ်လေ သတိရရင်တောင် အမှုမဲ့ အမှတ်မဲ့နဲ့ပဲပေါ့။ ကျွန်တော်ကတော့ စိတ်ညစ်လာတဲ့ အခါတိုင်း သတိရတယ်။ ဒါကြောင့် မေ့သွားတတ်တာလည်း ရှိနေလေတော့ သိပ်ပြီးလည်း မစဉ်းစားဖြစ်ပါဘူး...:D။ တကယ်တော့ ကိုယ်တကယ် သေတော့မည် ဖြစ်စေ မသေလောက်သေးဘူး ဖြစ်စေ၊ တရားဘာဝနာကို မလိုက်စား နိုင်ဘူးဆိုရင်တောင် လူလူချင်း ကိုယ်ချင်းစာစိတ်လေးတွေ ထားစေချင်ပါတယ်။ ပြီးတော့ နားလည်မှုဆိုတဲ့ လောကကြီးကို တည်ဆောက် စေချင်ပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင်မှာ ဆိုရင် ခဏခဏ တွေ့နေရပါတယ်။ ပြီးတော့ ဘလော့တွေမှာ ဖတ်နေရတဲ့ စာတွေကို ဖတ်မိသမျှလောက်နဲ့ နှိုင်းယှဉ်ကြည့်တယ်။ တကယ်တော့ နားလည် ခွင့်လွှတ်နိုင်စိတ် ကိုယ်ချင်းစာစိတ် ဆိုတာတွေကို လူတွေတော်တော် များများ လိုက်နာနိုင်တယ်ဆိုတာကို ဝမ်းနည်းဖွယ် တွေ့ရှိရပါတယ်။ အခုလို အင်တာနက် ခေတ်ကြီးမှာ ဆိုရင် ပိုပြီးတောင် အသိဥာဏ် ပွင့်လင်းဖို့ဆိုတာ ပိုပြီးတောင် လွယ်ကူပါသေးတယ်။ တစ်ချို့တွေ့ဖူး ကြားဖူးတာလေးတွေရှိပါတယ်။ ဒီလို အသိဥာဏ်လေးတွေ ဖွံ့ဖြိုးဖို့ လမ်းညွှန်တာလေးတွေကို အသားလွတ်လာဆဲတာမျိုးပေါ့။ ပြန်စဉ်းစားကြည့်ရင် ဒါဟာ တကယ်တော့ ဘာမှမဟုတ်ပါဘူး ဆဲတဲ့သူ အနေနဲ့ ငါ့ကို ဒီလိုမျိုး သူများ လာဆဲရင်.. ဆိုတဲ့ အတွေးမျိုးလေး ဝင်သွားတယ်ဆိုရင် ဆဲဖြစ်မှာ မဟုတ်ပါဘူး။ ဝဋ် ဆိုတာကို မယုံကြည်ကြလို့ပဲ ဖြစ်မှာပါ၊ မယုံကြည်ဘူး ဆိုရင်တောင် ဒါဟာ မကောင်းပါလား ဆိုတာတွေးသင့်ပါတယ်။ ဒီလိုလေး တွေးမိသွားတယ်ဆိုရင်ပဲ တော်ရုံတန်ရုံ ကိစ္စရပ်တွေမှာ အလိုလိုနေရင်း ဒေါသတွေ ပြေလျော့လာမယ်၊ ကြောချင်တဲ့ စိတ်လေးတွေ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားမယ်၊ မနာလိုမှုတွေ၊ ဝန်တိုမှုတွေ လျော့နည်းလာမယ်၊ သည်းခံ ခွင့်လွှတ်တဲ့ စိတ်တွေ များလာမယ်၊ မုဒိတာလေး တွေပွားလာနိုင်မယ်၊ နာလည်မှုလေးတွေ ရှိလာနိုင်မှာဖြစ်ပါတယ်။ ဒါတွေဟာ လောလောဆယ်ဖြစ်တည်နေတဲ့ ဘဝတင်မှ မဟုတ်ပါဘူး၊ ဘဝဆက်တိုင်း အတွက် အကျိုးသက်ရောက်မှု ရှိလာနိုင်မယ်လို့ ယုံကြည်မိတယ်။ ပြီးတော့... သေခါနီး အချိန်လေးမှာ... " သြော် ငါလုပ်ခဲ့တာ မကောင်းမှု ပိုများနေပါလား" ဆိုရင် စိတ်ဖြောင့်နိုင်မှာ မဟုတ်ပါဘူး၊ " ငါလုပ်ခဲ့တာတွေ ပြန်ကြည့်လိုက်ရင် ကောင်းတာလေးတွေပါပဲလား" ဆိုရင် အဲ့ အကျိုးတွေ အတွက် နောက်လာမဲ့ ဘဝအတွက် စိတ်ချလက်ချ ဖြစ်နိုင်တဲ့ အထိ အကျိုးသက်ရောက်နိုင်ပါတယ်။

ဒါကြောင့်မို့ ဗုဒ္ဓဘာဝင် ပီပီ စဉ်းစားမိတာလေးကြောင့် လက်တစ်ကမ်း အလိုမှာရှိတဲ့ သေခြင်းတရားကို လက်ကိုင်ထားလို့ ဝေးပါသေတယ် ဆိုတဲ့ အတွေးလေးတွေ၊ မျှမျှတတ လေးတွေ တွေးတက်စေရန် ရည်မှန်းကာ ဒီပို့စ်လေးကို ရေးလိုက်ရပါကြောင်း………..



Sunday, May 16, 2010

ပိုးဟပ်လေး ရဲ့ "ပ"

မကြာသေးသော ကာလ အတောအတွင်းက ဘလော့ဂါ ညီအစ်ကို မောင်နှစ်မတွေ တစ်ယောက်နဲ့ တစ်ယောက် တဂ်ပြီး ကိုယ့်ရဲ့နာမည် ထိပ်စည်း အက္ခရာလေးတွေပါတဲ့ ပို့စ်လေးတွေကို ရေးသားခဲ့ကြတာလေးတွေကို ပြန်ပြီး အသက်သွင်းတဲ့အနေနဲ့ ဒီပို့စ်လေးနဲ့ ဆားချက် ချင်ပါတယ်... ပြီးတော့ မရေးရသေးတဲ့သူတွေကိုလည်း ပြန်လည်ပြီး တဂ်ချင်ပါတယ်။ ကဲစမယ်နော်.....

1. What is your name= ပိုးဟပ်လေး
2. A Food = ပဲပလာတာ
3. A Colour = ပြာနှမ်းနှမ်း အရောင်
4. A Drink = ပဲနို့ အချိုရည်
5. A Movie = ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်
6. A Car = ပရာဒို
7. An Instrument = ပတ္တလား
8. A Song = ပေါက်တဲ့အိုး
9. Something Want To Shout = ပဲပြုတ်...
10. Something Found On The Road = ပိုက်လုံး
11. A Habit = ပြီးစလွယ် လုပ်တတ်ခြင်း
12. An Animal = ပိုလာဝက်ဝံ
13. A Singer = ပိုးအိစံ
14. A threaten = ပါသမျှပေး ပြန်မပြောနဲ့
15. Body Structure = ပိန်ပါးပါး ပုပြတ်ပြတ်
16. An Umbrella = ပုသိမ်ထီး
17. A Thought = ပေါက်ကရ
18. Look Like A Girl = ပုပုလုံးလုံးလေး
19. A Journey = ပျားရည်စမ်းခရီး
20. A Waterfall = ပွဲကောက် ရေတံခွန်

ဟဲဟဲ... များများစားစား မတဂ်ချင်ပါဘူး စာရေပျင်းတဲ့ မမနှစ်ယောက်ကို တဂ်ချင်ပါတယ်..။ သူတို့ကတော့....
မမ စောသီရိယု နဲ့ ညီမလေး နှင်းဆီဖြူ တို့ပဲ ဖြစ်ပါတယ်...။ တိတိကျကျ ရေးရန်မလိုပါဘူး။ အခု ၂၀ ပြည့်ရင်ရပြီ၊ ပိုရေးချင်တယ် ဆိုလည်း သဘောပေါ့။

Sunday, May 09, 2010

အိပ်ရေးပျက်ခြင်း ၏ ဆိုးကျိုး

အိပ်ရေးဝအောင် အိပ်စက်မှုမရှိသော အလေ့အထ ကြာရှည်စွာ စွဲကပ်နေခြင်းသည် အသက်တိုစေတတ်ကြောင်း ပညာရှင်များက သတိပေးပြောကြားခဲ့သည်။ တစ်နေ့လျင် (၆)နာရီအောက် လျော့နည်းကာ အိပ်စက်ချိန်ရှိသူများသည် သာမန်ထက် ပိုမိုစောစီးစွာ သေဆုံးနိုင်ကြောင်း အီတလီနှင့် ဗြိတိန်မှ သုတေသီများကဆိုသည်။ ၎င်းတို့၏ လေ့လာမှုအရ တစ်နေ့(၆)နာရီအောက်သာ အိပ်စက်သူများသည် ပုံမှန်အားဖြင့် (၈)နာရီကြာ အိပ်စက်သူများထက် ပျမ်းမျှ(၂၅)နှစ်ထိ အသက်ပိုတိုရန် (၁၂)ရာခိုင်နှုန်း ပိုမိုနီးစပ်ကြောင်း သိရသည်။ Sleepဆေးပညာဂျာနယ်က ယခုတွေ့ရှိချက်အား လူပေါင်း(၁.၅)သန်းအား မတူညီသည့် သုတေသနပြုမှု (၁၆)ခုဖြင့် လေ့လာခဲ့ပြီး ကောက်ချက်ဆွဲထားခြင်းဟု ရေးသားဖော်ပြခဲ့သည်။ (၆)နာရီနှင့် (၈)နာရီကြား ကာလသည် လူတစ်ဦး နေ့စဉ်ပုံမှန် အိပ်စက်သင့်သည့် အခြေအနေဖြစ်ပြီး ထို့ထက်ပိုခြင်း၊ လျော့ခြင်းတို့သည် စောစီးစွာ သေဆုံးခြင်းနှင့် ဆက်စပ်နေကြောင်း ဆရာဝန်များကဆိုသည်။ လောင်းဘာရိုး အိပ်စက်မှု သုတေသနစင်တာမှ ပါမောက္ခ ဂျင်မ်ဟုမ်းက “အိပ်စက်ခြင်းဟာ ဓာတ်ခွဲခန်းသုံး လစ်တမတ်စ် စက္ကူလိုပါပဲ။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရောရဲ့ ကျန်းမာရေးနဲ့ ဆက်နွယ်နေပါတယ်။ အိပ်တာကို အလွန်အကျွံဖြစ်ရင်၊ လိုတာထက်လျော့နေရင် တခြားရောဂါတွေ အများကြီး ရလာနိုင်ပါတယ်”ဟု ရှင်းပြခဲ့သည်။ “တချို့တွေက တစ်နေ့ကို (၅)နာရီလောက်ပဲ အိပ်ကြပါတယ်။ ဒါဟာ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် အန္တရာယ်များပါတယ်။ အိပ်ချိန်မလုံလောက်တာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေအတွက် မောင်းနှင်နိုင်စွမ်းနဲ့ ပုံမှန်လည်ပတ်နိုင်စွမ်းကို ကြီးကြီးမားမား ထိခိုက်လာနိုင်ပါတယ်”ဟု ဒေါက်တာဟုမ်းက ပြောကြားသွားသည်။


Saturday, May 08, 2010

တို့မေမေ

ဒီနေ့ဟာ အမေများနေ့ ဆိုတော့ ပိုးဟပ်လေးလည်း မေ့မေ့ကို သတိရတာပေါ့၊ ငယ်ငယ်ထဲက မေမေ့ရဲ့ အရိပ်အဝါသ အောက်မှာ ကြီးပြင်းလာခဲ့တဲ့ မေ့ချစ်သားလေးတစ်ယောက်ကတော့ တိုင်းတပါးမှာ ချစ်တဲ့ မေမေ့ကို ခွဲပြီး အလုပ်လုပ်နေရတယ်လေ။ ဒါကြောင့် မေမေ့ကို သတိရတဲ့ အနေနဲ့ ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ ရတဲ့ ကဗျာလေးနဲ့ သားလေးဂုဏ်ပြုချင်ပါတယ် မေမေ။


ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ တို့မေမေ။

ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ တို့မေမေ။

အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ တို့မေမေ။

ကျမ်းမာဖို့ရေး သင်ရာကျွေး
လေးစားအပ်ပေ တို့မေမေ။

ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ တို့မေမေ။

အခုတော့ ဒီအရွယ်တွေကို ကျော်လွန်ခဲ့ပါပြီ မေမေ။ ဘဝဆိုတဲ့ လမ်းကြောင်းပေါ်ကို သားတို့ တစ်တွေ လျှောက်လှမ်းနေရပါပြီ။ ဟိုး...အရင်တုန်းကလို မေ့မေ့ ရင်ခွင်ထဲမှာ ပုံပြင်လေးတွေနဲ့ ချော့သိပ်ခံခဲ့ ရဘူးတဲ့ ဘဝလေးကို သားဘယ်တော့မှ မမေ့ပါဘူး။ သားမှ မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ ရှိနေတဲ့ သားသမီးတွေရဲ့ ရင်ထဲမှာ ဒီလိုပဲ ရှိနေကြမှာပါ...


Sunday, May 02, 2010

တိတ်ဆိတ်ည

အသံမဲ့ တိတ်ဆိတ်နေတဲ့ ညပေါင်းများစွာထဲက နေ့လေးတစ်တစ်နေ့ကို မှတ်မိနေပါသေးတယ်၊ အဲ့နေ့က ခါတိုင်းလိုပါပဲ မထူးဆန်းစွာနဲ့ မီးမလာပါဘူး၊ အဲ့အမှောင်ညထဲမှာ တစ်ကိုယ်ရည်ထဲလမ်းလျှောက်ထွက်လာခဲ့ပါတယ်..၊ မထင်မှတ်ပဲ ရွာချလိုက်တဲ့ မိုးကြောင့် တစ်ကိုယ်လုံး စိုစိုရွဲကာ အိမ်ကို သတိကြီးစွာနဲ့ ပြန်လာခဲ့ပါတယ်၊ လမ်းကွေ့ တစ်နေရာအရောက် အုတ်ခုံလေးပေါ်မှာ ကောင်မလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရတယ်၊ ပထမတော့ အမှတ်တမဲ့လိုနေရင် သူမရှေ့မှ ဖြတ်ကျော်တက်ကာ ကိုယ်နေထိုင်ရာ လမ်းလေးကို ဆက်ပြီးလှမ်းလာခဲ့ရင်း အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ရေမိုးချိုး အဝတ်အစားလဲပြီး ကော်ဖီပူပူလေး တစ်ခွက် ဖျော်သောက်နေရင်း စောနက မြင်ခဲ့ရတဲ့ ကောင်မလေး အကြောင်းအတွေးထဲရောက်လာတယ်၊ ဒီကောင်မလေး အရင်တုန်းက ဒီလမ်းထဲမှာ တစ်ခါမှ မမြင်ဖူးပါဘူး၊ ဘယ့်နှယ်ကြောင့် မိုးရေထဲမှာ ထွက်ထိုင်နေရတာပါလိမ့်၊ အို... မျက်စိမှားတာပဲနေမှာပါလေ ဒီလို မိုးရွာနေတဲ့ အချိန် ဒီလိုမျိုးဘယ်သူကထိုင်နေမှာလဲ၊ ငါမျက်စိမှားတာပဲ နေမှာပါလေ ဆိုပြီးမေ့ပျောက်ထားခဲ့တယ်..၊

နောက်တစ်နေ့
ဒီနေ့တော့ မိုးမရွာဘူး မီးကတော့ ထုံးစံအတိုင်း ပြတ်နေဆဲပါပဲ..၊ လမ်းထောင့်နားရောက်တော့ မနေ့ညက တွေ့ခဲ့ရတဲ့ ကောင်မလေးကို တွေ့ပြန်ရော..စိတ်ထဲတော့ သိပ်မသင်္ကာဘူး၊ ကောင်မလေးကတော့ မျက်နှာမှာ ပြုံးရောင်မသန်းပဲ တစ်ခုခုကို တွေးနေတဲ့ပုံစံမျိုးပါ ဒီတစ်နေ့လည်း ကောင်မလေးကို အမှတ်တမဲ့ပဲ နေခဲ့ပါတယ်

တတိယမြောက်နေ့
ဒီနေ့လည်း ဒီအုတ်ခုံလေးပေါ်မှာ ထိုင်နေမြဲပါလား။ သူမကို ကြည့်တော့လည်း ဘာမှ မထူးခြား အရင်နေ့တွေက အတိုင်းပင်..၊ သိချင်စိတ်က မရိုးမရွဖြစ်လာတယ်..၊ ဒါနဲ့ ကောင်မလေး အနားကို ကပ်သွားပြီးမေးကြည့်မိတယ်၊ " ဟဲ့ကောင်မလေး နင့်ကို အရင်ကငါမမြင်ဖူးပါဘူး ၊ ပြီးတော့ နင်ဒီမှာ ထိုင်နေတာ ၃ ရက်ရှိသွားပြီ ဒီမှာဘာထိုင်လုပ်နေတာလဲ ????? မေးခွန်းတွေ တရစပ်ကို မေးလိုက်တော့ ကောင်မလေးက ခပ်ဟဟလေး ပြောလာပါတယ်....

"ကျွန်မကို လာခေါ်မဲ့သူမရှိသေးလို့ စောင့်နေတာ၊ ကျွန်မကို သူတို့လာမခေါ်သေးဘူး ၊ သူတို့လာခေါ်တဲ့ အချိန်ထိစောင့်ရမှာ"
ဒါနဲ့ သိချင်စိတ်ကပိုများလာခဲ့ပါတယ်၊ ကောင်မလေးဘေးနားကို အသာလေး ဝင်ထိုင်လိုက်တော့ ကောင်မလေး နည်းနည်းတွန့်သွားပုံရတယ် "မကြောက်ပါနဲ့ ငါမင်းကို ဘာမှ မလုပ်ပါဘူး၊ ငါဟာ လူကောင်းတစ်ယောက်ပါ" ကောင်မလေး ဘာမှ ပြန်မပြောပါ...၊ ဒါနဲ့ ဆက်ပြီး ပြောပါတယ်....
" မိန်းကလေး တစ်ယောက်ထဲ ညကြီးအချိန်မတော် ဒီလိုတစ်ယောက်ထဲ ထိုင်နေတာတော့ မကောင်းဘူး၊ မင်းမှာ အိမ်မရှိဘူးလား"
"အိမ်"
"ဟုတ်တယ်လေ၊ မင်းမှာ အိမ်မှာ မရှိဘူးလားလို့"
"ဟုတ်တယ် ကျွန်မမှာ အိမ်မရှိဘူး"
"ဘယ်လို... မင်းမှာ အိမ်မရှိဘူး ဟုတ်လား"
"ကျွန်မမှာ နေစရာ အိမ်မရှိဘူး၊ ဒါကြောင့် ဒီနေရာလေးကနေ သူတို့လာခေါ်မဲ့ အချိန်ထိစောင့်နေတာပေါ့"
"သူတို့ဆိုတာ???"
"ကျွန်မကို လာခေါ်မဲ့ သူတွေပေါ့"
"မင်းပြောတာ ငါသိပ်နားမရှင်းဘူး"
"ကျွန်မ ဒါတွေကို ပြန်မပြောချင်ဘူး"
"င်္ဒိတော့ ဒီလိုလုပ် နောက်ထပ် ၄ ရက်နေရင် ဒီအချိန် ရှင်ပြန်လာခဲ့ပါ..လောလောဆယ်တော့ ကျွန်မတစ်ယောက်ပဲ အေးဆေးနေပါရစေ"
"ကောင်းပြီလေ နောက်ထပ် ၄ ရက်နေရင် ငါမင်းဆီကို ငါပြန်လာခဲ့မယ်"
ပြောပြီး သူမ အနားမှ ထထွက်လာခဲ့တယ်....

၎ ရက်... ၅ ရက်.. ၆ ရက် မြောက်တဲ့နေ့တွေ မှာ သူမကို မတွေ့ရတော့ပါဘူး.၊ ဧကန္တ ကျွန်တော်တွေ့မည် စိုးသည်ထင့်... ၇ ရက်မြောက်တဲ့နေ့ကြတော့ သူမကို တွေ့လိုက်ရတယ်..။ ဒါနဲ့ သူမဘေးနားမှာဝင်ထိုင်ရင်း စပြောလိုက်ပါတယ်၊
"ဆိုပါအုံး "
"ကျွန်မ သွားရတော့မယ်၊ ကျွန်မနဲ့ ရှင်တွေ့တာ ဒီနေ့နောက်ဆုံးပဲ မကြာခင် သူတို့ လာခေါ်တော့မှာ"
"ဘယ်လို"
"ဟုတ်တယ် ကျွန်မက သာမန်လူမဟုတ်ဖူး၊ လွန်ခဲ့တဲ့ တစ်ပတ်က ဒီနေရာလေးမှာ ကား Accident တစ်ခုနဲ့ ကျွန်မကွယ်လွန်ခဲ့ရတယ်၊ ဒါကြောင့် လူ့ဘဝမှာ မရှိတော့တဲ့ ကျွန်မဟာ ဘယ်ကိုမှ သွားပိုင်ခွင့်မရှိဘူး၊ သူတို့လာခေါ်တဲ့ အထိ ဒီနေရာလေးကနေပဲ စောင့်နေရတာ"
"ဟင် ဒါဆို မင်းက လူမဟုတ်ဖူးပေါ့"
"ဟုတ်တယ် ကျွန်မက လူမဟုတ်ဖူး"
"လွန်ခဲ့တဲ့ ၃၊ ၄ ရက်ကရော မင်း ဘယ်ရောက်သွားတာလဲ"
"ကျွန်မ ဘယ်မှမသွားပါဘူး၊ ဒီအုတ်ခုံလေးရဲ့ နောက်က သစ်ပင်လေး နောက်မှာပဲ ကျွန်မရှိနေခဲ့တာပါ"
အဲ့ဒီ အချိန်မှာ မြင်းနှစ်ကောင်ဆွဲတဲ့ ရထားလုံးတစ်စီး ရှေ့ကို ဆိုက်လာတယ်...ပြီးတော့ ခေါင်းမြီးခြုံနဲ့ လူနှစ်ယောက်ဆင်းလာတယ်..ပြီးတော့ သူမကို လာခေါ်တယ်..၊"ကျွန်မ သွားရတော့မယ်" ဆိုပြိး ထိုလူကြီး နှစ်ယောက်ခေါ်ရာကို လိုက်ပါသွားခဲ့ပါတယ်။ ထို ရထားလုံးလည်း ကျွန်တော့်မျက်စိရှေ့က ဖျောက်ခနဲ ပျောက်ကွယ်သွားပါတော့တယ်....။
ဒါဟာ အိမ်မက်လာ...တစ်ကယ်လား ကိုယ့်ကိုကိုယ်တောင် မသေချာတော့လောက်အောင် တွေဝေ ဆွံ့အခဲ့ ရပြီလေ.....



Saturday, May 01, 2010

ချစ်ခွင့်ပေးပါတော့ ချစ်သူရယ်

ရွှေလသာသာ သာသောညမှာပဲကွယ်
မေ့ကို မောင်ငေးလို့ဖြင့် အတွေးနယ်ကျယ်ခဲ့တယ်
တဒင်္ဂမြင်ခဲ့ရတဲ့ ခင်နှမသက်လယ်သူဇာနွယ်
မေ့နိုင်ပါပဲ စိတ်ထဲ မောင်စွဲမိပြီကွယ်

ညချမ်းအချိန်ဝယ် လေညှင်းသင်းနေတုန်းရယ်
မွှေးထုံကြိုင်လန်းဆန်းတဲ့ ပန်းမာလာရနံ့သွယ်
မျှော်လင့်စောင့်စားလို့ယူ နတ်ပန်းမဉ္ဖူပုံနှယ်
မောင့်မှာစိတ်စောပါလို့ ရင်မောမိတယ်ကွယ်

တံချူကိုင်ကာ မှိုင်ငေးနေရပါတယ်
ချစ်ခွင့်ပေးပါတော့ မေရယ်
တစ်ရွာသူကို ကြင်မိလို့ အခက်ပွေရတယ်
မုန်းစိတ်တွေကို တော်ရာဖယ် ချစ်သူရယ်

ကြယ်ကလေးတွေ ဝိုင်းဝိုင်းလည် လမင်းအနားမယ်
ဝင်းပကြည်လင်ကာရယ် ထက်ကောင်းကင်ဝယ်
မိုးတိမ်မြင့်မယ် အရှိန်တင့်တယ် ပမာသို့ကွယ်
ချစ်သူကိုယ်စား ချစ်အားကြွယ် ချစ်ခွင့်ပေးကွယ်
ချစ်အားကိုးနဲ့ မောင်အမျိုးမျိုး တောင်းပန်ပါတယ်
သံသရာအဆုံးတိုင် မမုန်းနိုင်ပဲ ချစ်ပါမယ်
ချစ်တေးနှောလို့ ချော့မြူပါ့မယ် ချစ်သူရယ်



ချစ်မကြီး မက်မက်က မြန်မာသံစစ်စစ် သီချင်းလေးတစ်ပုဒ်ကို ကံစမ်းမဲပေးပြီး တဂ် ထားတဲ့ ပို့စ်လေးအတွက် ဒီသီချင်းလေးကို ရွေးချယ်လိုက်ပါတယ်..။ တေးရေး/တေးဆို ဦးသန်းဖေလေးရဲ့ သီချင်းလေးဖြစ်တဲ့ ဒီသီချင်းလေးက ကျွန်တော်ငယ်ငယ်ထဲက ကြိုက်နှစ်သက်ခဲ့ရတဲ့ မြန်မာသံသီချင်းတွေထဲမှာ ဒီသီချင်းလေးလည်း အပါအဝင်ဖြစ်ပါတယ်....။ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဦးသန်းဖေလေးကို အမှတ်ရသောအားဖြင့် ဒီသီချင်းလေးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်.........၊ ချစ်မကြီးလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်....၊