Friday, October 01, 2010

သတိရမိတဲ့ ဖေဖေ

စိတ်ထဲမှာ လည်း အလျင်လိုနေသည်။ အိမ်ကို အမြန် ပြန်ရောက်ချင်လှသည်။ ထို့ကြောင့် လေယာဉ်ရောက်ရောက်ချင်းပင် ရှေ့ဆုံးမှ ထွက်နိုင်ရန် ထိုင်ခုံမှ စောစောထ၍ ရှေ့ဆုံးမှ ထွက်နိုင်ရန် ကြိုးစားရလေသည်။ လေယာဉ်ထဲမှ ထွက်ထွက်ချင်း စိတ်က လောနေလို့လား မသိဘူး အင်မီဂရေးရှင်း တွင် ရှေ့ဆုံးမှ ရောက်အောင် အသော့နှင်ရလေသည်။ ၂ နှစ်ကျော်ကျော်လောက် ခွဲခွာခဲ့ ရသော ဖေဖေ နှင့် မေမေ့ ကို တွေ့ချင်လွန်းလှလေပြီ။ " ဝှူး " ခုမှပဲ အပြင်ရောက်တော့တယ်။ မေမေ့ကို တွေ့တွေ့ချင်း ပြေးဖက်မိလေသည်။ မေမေတို့ နေကောင်းတယ်နော် သားပြန်လာပြီလေ အမေ။ အမေ့မှာ ဝမ်းသာလွန်းလှ သဖြင့် မျက်ရည်ကျမိလေ သည်။
" အမေ "
" သား ပြောလေ "
" အဖေ ကောဟင် "
"...... "
ဘာမှ မပြောပေ
ခဏနေမှ
" မြို့ထဲကို ကိစ္စ ရှိလို့ သွားတယ် သား "
သိပ်တော့ ဘဝင်မကျချင် လှပေမဲ့ ဘာမှမပြောတော့ပေ။
သြော် ၂ နှစ်ကျော်ကျော် ခွဲခွာလာရတဲ့ ရန်ကုန် မြို့ ကြီးရဲ့ ရှု့ခင်းတွေကို ငေးကြည့်ရင်း ကိုယ်နေခဲ့တဲ့ မြို့သစ်လေး ဆီကို ရောက်လာခဲ့ပါပြီ။ အိမ် ပြန်ရောက်ရောက်ချင်း ညီအငယ်နဲ့ တူမ နှစ်ယောက်က သူတို့ အတွက် ဘာပါမလဲ ဆိုပြီး ခရီးဆောင်အိပ် တစ်လုံး နဲ့ အလုပ်ရှုပ်နေကြလေရဲ့။
" သား ခဏနားလိုက် အုံးနော်၊ ပြီးမှ ရေမိုးချိုးပြီး အနားယူပေါ့ ဟုတ်ပြီလား "
" ဟုတ်ကဲ့ မေမေ "
ရေမိုးချိုးပြီးတော့ အဖေ့ကို သတိရလို့ ထပ်မေးမိတယ်။ " အမေ၊ အဖေ ဘယ်ကို သွားတာလဲဟင်၊ ဘယ်တော့ ပြန်ရောက်မှာလဲ " ဆိုတော့ အမေ ဘာမှ ပြန်မပြောပါဘူး။ ခဏနေတော့ မေမေ ဓာတ်ပုံ တစ်ခုကို ယူလာပြတယ်။ ဓာတ်ပုံကို ကြည့်လိုက်တော့ ကျွန်တော့် မျက်လုံးတွေ ပြာဝေခဲ့ရတယ်။ တကယ်ကို မယုံနိုင်အောင် ဖြစ်ခဲ့ ရပြီလေ...။ အဖေ ထာဝရ အိပ်စက် သွားပါပေါ့လား.... အဖေရယ် သားပြန်လာအောင်တောင် မစောင့်နိုင်တော့ဘူးလား အဖေရယ်..... ။
" အမေတို့ သားကို ဘာဖြစ်လို့ မပြောရတာလဲ" လို့ မေးမိရက်သား ဖြစ်သွားသလားတောင် မသိတော့ပါဘူး။ "သားကို ပြောမလို့ပါပဲ သားရယ်" သားလည်း ပြန်လာခါနီး ဖြစ်နေတာရယ်၊ ပြီးတော့ သားရဲ့ အလုပ်မှာ စိတ် အနှောက်အယှက် ဖြစ်မှာစိုးလို့ အမေတို့ မပြောတာပါ" ။ အို.... အမေ့မှာလည်း မျက်ရည်တွေနဲ့ ပါလား ၊ ဟုတ်မှာပါလေ သားကို စိတ်မထိခိုက်စေချင်လို့ ဖြစ်မှာပါ။ " သြော် လောက သင်္ခါရ ရဲ့ သဘော တရား အရ အဖေ မလွန်ဆန်နိုင်လို့ သားပြန်လာတဲ့ အထိတောင် မစောင့် နိုင်တော့ပါလား....
အဖေ ဆုံးပါးသွားတာ ၂ နှစ်တောင် ပြည့်သွားပြီ ...။ ဒီတစ်ခေါက်တော့ သားမှာ မျှော်လင့် စရာ အဖေ မရှိတော့ ဘူး...။

8 comments:

သုခုမလေဒီ said...

ပိုးဟပ်လေးရေ.. စိတ်မကောင်းမဖြစ်ပါနဲ့၊ ဒီလိုပဲ ခွဲခွာသွားကြရမှာပဲလေ..
အစ်မလည်းအဖေမရှိတော့ပါဘူး။

Anonymous said...

ပိုးဟပ်လေးရေ....တကယ်ဝမ်းနည်းမိပါတယ်။
မိခင်ရဲ့ စေတနာကိုနားလည်မိသော်လည်း...ရင်ထဲမှာ
တနင့်နင့်နဲ့ ...ဖခင်ရဲ့နောက်ဆုံးခရီးမှာ တို့ တွေရှိမနေ
နိုင်ခဲ့တဲ့ ကြေကွဲမှု.....ထပ်တူထပ်မျှ ခံစားရင်းးးးးး
ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)


...စကားမစပ်...မင်းတစ်ယောက်သာဆိုတဲ့ သိချင်းလေးကို ၂ ခေါက်နားထောင်သွားတယ်ကွဲ့ .....ပျော်ရွှင်ပါစေနော့်။။ :)

TYZ said...

ပိုးဟပ်လေး....... ထပ်တူခံစားရပါတယ်။ မိခင်ရဲ့စေတနာကိုနားလည်ပေးနိုင်သလို ပိုးဟပ်လေးရဲ့ခံစားချက်ကိုလည်း ကိုယ်ချင်းစာမိပါတယ်။ ကြာရင်တော့ နေသားကျမှာပါလေ.... သင်္ခါရတရားကို ဘယ်သူကမှ မလွန်ဆန်နိုင်ပဲလေနော်။
ခင်မင်စွာဖြင့်..... TYZ

သော်ဇင်စိုး said...

ထပ်တူထပ်မျှခံစားရပါတယ်ဗျာ.. ကျွန်တော်နဲ့အတူတူပါပဲ.. ကျွန်တော်လည်း ဒီလိုသတင်းမျိုးလွန်ခဲ့တဲ့ နှစ်နှစ်ကကြားခဲ့ရတာ.. ဆောက်တည်ရာမရဆိုတာမျိုးတောင်ဖြစ်ခဲ့ဖူးတယ်.. ကျွန်တော်က ဆယ်တန်းထိ အဖေနဲ့ အတူအိပ်တာလေ.. အိပ်မက်တွေတော့ ခုထိမက်နေတုန်းပဲ..
သူ.. အိပ်မက်တွေကို ကောင်ထည်ဖော်ရင်း ကျွန်တော်တို့ ဆက်ရှင်သန်ကြရအောင်.. ဒါမှ.. သူ့ကို ချစ်တဲ့ အချစ်ပေါ့..

မြစ်ကျိုးအင်း said...

အဲဒီလိုဖြစ်မှာ အကြောက်ဆုံးပါပဲ

Unknown said...

ပိုးဟပ်ကြီး.. စိတ်မကောင်းမဖြစ်ပါနဲ့... ဆုံးသွားတယ်ဆိုတာ ခန္ဓာကိုယ်ကြီးပဲ မရှိတော့တာပါ... ပိုးဟပ်လေးရဲ့ ရင်ထဲမှာ ရှိနေဖို့က အရေးကြီးပါတယ်.... တချို့ က အပြင် မှာ အရှင်လတ်လတ်ရှိနေတဲ့ မိဘတွေကိုတောင်.. ရင်ထဲ မထည့်ထားနိုင်တဲ့လူတွေ ရှိနေသရွေ့ ကိုယ့်ထက် သနားစရာကောင်းတဲ့လူတွေ ရှိသေးတယ်လို့ မှတ်ထားလိုက်ပါ....

မေသိမ့်သိမ့်ကျော် said...

စိတ်မကောင်းပါဘူး။ ကျွန်မ လည်းအဖေကို အရမ်းချစ်တဲ့ သမီးတစ်ယောက်ပါ။

Anonymous said...

မဖြစ်နိုင်မှန်း သိပေမယ့် အချိန်တွေကို နောက်ပြန်ဆွဲလို့ ရရင် ထပ်တူထပ်မျှ ၀မ်းနည်းမိမှာပါ......
နှစ်သိမ့်ခွင့် မရခဲ့တဲ့ အတွက် မျက်ရည်ဝဲတဲ့ အထိ စိတ်မကောင်း ဖြစ်ရတယ်.......
(ကြယ်စင်)