Showing posts with label တဂ်ပို့စ်. Show all posts
Showing posts with label တဂ်ပို့စ်. Show all posts

Monday, July 05, 2010

မိုးရာသီ တစ်လွဲ


မှတ်မိနေပါသေးတယ်...
သူ့နာမည်ကလည်း မိုးတဲ့ အပြည့်အစုံကတော့ မိုးပွင့်ဖြူ ပေါ့လေ။ အင်း အဲ ဘယ်ကနေစပြောရမလဲ မသိဘူးပေါ့လေ။ သူနဲ့ ပတ်သက်ခဲ့ တဲ့ အမှတ်တရ ဇာတ်လမ်းလေးက လည်း မရှိသလောက်ပါပဲ။ သို့ပေမဲ့ မနှင်းဆီဖြူ တဂ် လာတာကြောင့် မရှိမဲ့ ရှိမဲ့ အမှတ်တရလေး တစ်ခုကို ရေးဖို့ အခွင့်ကြုံလာပါတော့တယ်...




ကျွန်တော်က လူတစ်မျိုးဗျ ထီးကိုင်ရမှာ ထီးဆောင်းရမှာ ပျင်းတဲ့ အပြင် မိုးကာ ဆောင်ထားရမှာလည်း တယ်ပျင်းသကိုး... ငယ်ငယ်က ကျောင်းသွားတော့မယ်ဆိုရင် မိုးရွာမနေလို့ကတော့ အိမ်ကနေ ထီးဘယ်တော့ မှ မယူဘူး။ ကားမှတ်တိုင်က လည်း ကျောင်းရှေ့လေးတင်ဆိုတော့ ကျောင်းအပြန် မိုးရွာမှ ကားစီးပြန်တာ။ မိုးမရွာ ရင် ထုံးစံ အတိုင်း ခြေလျင်လေ။ တနေ့တော့ ကျွန်တော် ကျောင်းကို အသွား မိုးက မည်း၍ ဖွဲဖွဲလေး ရွာနေသည်။ သို့နှင့် ကျွန်တော် အိမ်က ထွက်တော့ မိုးကာလေး ဝတ်ကာ ကျောင်းကို သွားပါတယ်၊ ကျွန်တော်တို့လို အထက်တန်း ကျောင်းသူပင် ဖြစ်မည်ထင်သည်၊ ကျွန်တော် တစ်ခါမှ မမြင်ဖူးပါ ယခုနှစ်မှ ကျောင်းသို့ ပြောင်းလာ၍လည်း ဖြစ်နိုင်သည်။ ချောတာတော့ ကောင်မလေးက တော်တော်ချောတယ်ဗျ...။ သူလုပ်ပုံကို ကြည့် အုံးလေ ကို့ယို့ ကားယား တယ်လည်းနိုင်တယ်။ လက်တစ်ဖက်က ထီးကြီးကိုင်ပြီး ကျန်တဲ့ လက်တစ်ဖက်နဲ့ စက်ဘီးစီးလာတယ်။ အဲ့လို စီးတာ တော်တော် အန္တရယ်များတယ်လို့ ထင်တယ်။ ကျွန်တော့်တော့ တစ်ခါမှ မစီးဖူးဘူး။ ကျောင်းနား ရောက်တော့မယ် ကားလမ်းမ ဆိုပေမဲ့ ကိုယ်ပိုင် နိုင်လွန် ကတ္တရာ လမ်း ကျဉ်းကျဉ်းလေး ပေါ်မှာပါပဲ။ ဖြစ်ချင်တော့ ဘယ်ကနေ ဘယ်လိုဖြစ်မှန်း မသိပါဘူးဗျာ ကျွန်တော့်ကို နောက်ကနေ ဝင်တိုက်တယ်။ ပြီးတော့ စက်ဘီးရော လူရော ကျွန်တော်ပေါ် ပြိုကျ လာတယ်လေ..။ ပထမတော့ ကျွန်တော် ကိုယ်တိုင်လည်း ထူပူပြီးတော့ ပြန်ပြောမလို့ ကြည့်လိုက်တော့ ကောင်မလေး ဖြစ်နေတယ်။ ကောင်မလေးက ဒီလိုဖြစ်သွားတော့ ကြောင်အအလေးနဲ့ ကျွန်တော်က တော့ ခြေမ ကွဲသွားတယ်။ ကောင်မလေးကတော့ လက်ဖျံ ကွဲသွားတယ် (သြော် ပြောရ အုံးမယ် ကျွန်တော်က Delcogen နဲ့ Hansaplast ကို ဆောင်ထားတတ်တော့ ကောင်မလေးကို Hansaplast တစ်ခုပေး ပြီး ကိုယ့်ခြေမ ကိုယ် တစ်ခု ကပ်ရသေးတယ်။ တော်သေးတာပေါ့ ဖြစ်တဲ့ အချိန် ဘယ်သူမှ ရောက်မလာသေးလို့ ( သူများတွေ တွေ့ရင် ရှက်စရာ.. :D )။ ပြီးတော့ ကောင်မလေးက သူ့စက်ဘီးလေးကို ပြန်ထောင်ရင်း တောင်းပန်စကား ပြောတယ် ကျွန်တော်က "ရပါတယ်၊ နောက်ကို စက်ဘီးစီးရင် သတိထားစီးပေါ့ " ဆိုပြီး ကျောင်းကို သွားဖို့ လုပ်ရတာပေါ့ ။ ကောင်မလေးလည်း စက်ဘီး မစီးရဲတော့ဘူးထင်တယ် တွန်းရင်းနဲ့ အတူတူ သွားဖြစ်တယ်၊ ကျောင်းကိုလည်း ရောက်ခါနီးလို့ နေမှာပေါ့။ လမ်းသွားရင်းနဲ့ စပ်စုလိုက်သေးတယ် နင်က ဒီကျောင်းကလားလို့ မေးတော့ " ဟုတ်တယ် ၉ တန်း A ခန်းက" တဲ့ ။ ဒီလောက်ပါပဲ နှစ်ယောက်လုံး တိတ်ဆိတ်စွာနဲ့ ကျောင်းကို ရောက်ခဲ့တယ်လေ။ စက်ဘီးထားဖို့ နေရာရောက်တော့ သူ့နဲ့ ကျွန်တော် ကိုယ့်ဦးတည်ရာနဲ့ကိုယ် လမ်းခွဲတယ်။





နောက်တော့ ကောင်မလေး ဘယ်သူဆိုတာကို သိလာရတယ်။ ကောင်မလေး နာမည်က မိုးပွင့်ဖြူ ဆိုတာကိုပေါ့ နေတာကတော့ ကျွန်တော်တို့ ရပ်ကွက်နဲ့ ကျောင်းရှိတဲ့ ရပ်ကွက်နဲ့ ကြားထဲက ရပ်ကွက်မှာ နေတယ်။ နောက်တော့ လမ်းမှာ တွေ့ရင် ရှက်ကိုးရှက်ကန်း မျက်နှာလေးနဲ့ ပြုံးစိစိလေး နှုတ်ဆက်ဖြစ်တာလောက်ပါပဲ....

ကျွန်တော်တို့ ကျောင်းက ၁၀ တန်းကျောင်းသားတွေက သီတင်းကျွတ်ပြီးတာနဲ့ ကျောင်းတွေ မတက်ကြတော့ဘူး၊ ဆရာတွေလည်း စာသင်ဖို့ မလာကြတော့ဘူး ဆိုတော့ အားလုံး ကျူရှင်နဲ့ အိမ်လောက်ပဲ ရှိကြတော့တာလေ။ ကောင်မလေးနဲ့ မတွေ့ဖြစ်တော့ဘူး ဆိုပါတော့....




အခု ဒီပိုစ့် လေးကို သူဖတ်မိတယ် ဆိုရင် မှတ်မိကောင်း မှတ်မိနေပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၉ နှစ်ကျော်ကျော်က ဆိုတော့ မှတ်မိလောက်မှာပါ။
သေချာတာကတော့ ကျွန်တော် ဘယ်သူဆိုတာ သူသိချင်မှ သိမှာပါ။

Saturday, May 01, 2010

ချစ်ခွင့်ပေးပါတော့ ချစ်သူရယ်

ရွှေလသာသာ သာသောညမှာပဲကွယ်
မေ့ကို မောင်ငေးလို့ဖြင့် အတွေးနယ်ကျယ်ခဲ့တယ်
တဒင်္ဂမြင်ခဲ့ရတဲ့ ခင်နှမသက်လယ်သူဇာနွယ်
မေ့နိုင်ပါပဲ စိတ်ထဲ မောင်စွဲမိပြီကွယ်

ညချမ်းအချိန်ဝယ် လေညှင်းသင်းနေတုန်းရယ်
မွှေးထုံကြိုင်လန်းဆန်းတဲ့ ပန်းမာလာရနံ့သွယ်
မျှော်လင့်စောင့်စားလို့ယူ နတ်ပန်းမဉ္ဖူပုံနှယ်
မောင့်မှာစိတ်စောပါလို့ ရင်မောမိတယ်ကွယ်

တံချူကိုင်ကာ မှိုင်ငေးနေရပါတယ်
ချစ်ခွင့်ပေးပါတော့ မေရယ်
တစ်ရွာသူကို ကြင်မိလို့ အခက်ပွေရတယ်
မုန်းစိတ်တွေကို တော်ရာဖယ် ချစ်သူရယ်

ကြယ်ကလေးတွေ ဝိုင်းဝိုင်းလည် လမင်းအနားမယ်
ဝင်းပကြည်လင်ကာရယ် ထက်ကောင်းကင်ဝယ်
မိုးတိမ်မြင့်မယ် အရှိန်တင့်တယ် ပမာသို့ကွယ်
ချစ်သူကိုယ်စား ချစ်အားကြွယ် ချစ်ခွင့်ပေးကွယ်
ချစ်အားကိုးနဲ့ မောင်အမျိုးမျိုး တောင်းပန်ပါတယ်
သံသရာအဆုံးတိုင် မမုန်းနိုင်ပဲ ချစ်ပါမယ်
ချစ်တေးနှောလို့ ချော့မြူပါ့မယ် ချစ်သူရယ်



ချစ်မကြီး မက်မက်က မြန်မာသံစစ်စစ် သီချင်းလေးတစ်ပုဒ်ကို ကံစမ်းမဲပေးပြီး တဂ် ထားတဲ့ ပို့စ်လေးအတွက် ဒီသီချင်းလေးကို ရွေးချယ်လိုက်ပါတယ်..။ တေးရေး/တေးဆို ဦးသန်းဖေလေးရဲ့ သီချင်းလေးဖြစ်တဲ့ ဒီသီချင်းလေးက ကျွန်တော်ငယ်ငယ်ထဲက ကြိုက်နှစ်သက်ခဲ့ရတဲ့ မြန်မာသံသီချင်းတွေထဲမှာ ဒီသီချင်းလေးလည်း အပါအဝင်ဖြစ်ပါတယ်....။ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဦးသန်းဖေလေးကို အမှတ်ရသောအားဖြင့် ဒီသီချင်းလေးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်.........၊ ချစ်မကြီးလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်....၊