ကျွန်တော်ကတော့ ဆရာသမားရဲ့ ဂုဏ်ကျေးဇူးကြောင့် အတော်ကို ခွင့်လွှတ်နိုင်တယ်။
ခွင့်လွှတ်ခြင်းကို အခြေခံ ပြန်စဉ်းစားကြည့်ရင်တော့လည်း နားလည်ပေးတဲ့ သဘောပါပဲ .. ..
“သြော် – ကိုယ် ခွင့်လွှတ်ရမယ့် ပုဂ္ဂိုလ်တွေ အားလုံးဟာ သူတို့က နားမလည်လို့ အဲဒီလို လုပ်ကြတာပဲ” လို့ ကိုယ်က နားလည်ပေးလိုက်တာပေါ့နော်။ ဒီတော့ နားလည်ပေးခြင်းဟာ ခွင့်လွှတ်ခြင်းပါပဲ။
တစ်ခါ တစ်ခါကျတော့လည်း – ဥပေက္ခာပြုရတယ် .. .. ဒါလေးတော့ အကြံဥာဏ်ယူပါ။
တစ်ခါ တစ်ခါကျတော့ သူတို့ကို ၀င်စားလို့ မရဘူး၊ ၀င်စားတိုင်း ခွင့်မလွှတ်ချင်အောင် ဖြစ်တယ်၊ ဒီတော့ မ၀င်စားနဲ့ – ဒီတော့လည်း ခွင့်လွှတ်သွားတာပါပဲ။
ဒီတော့ ခွင့်လွှတ်ခြင်း အတတ်ပညာမှာ -
• နားလည်ပေးရတယ်၊
• ဥပေက္ခာပြုရတယ် (လစ်လျူရှုရတယ်)
• နောက် ကိုယ့်ဖာသာ နေတတ်ရတယ် ပေါ့။
ခေတ်ကြီးကလည်း သိတယ်လေ – ဥပမာဆိုကြပါစို့ —- မိမိဆိုရင် အသက်တော်တော်ရပြီ။ အခု နောက်တက်တွေ ဆိုရင် သူတို့ခေတ်နဲ့ သူတို့အယူအဆနဲ့ သူတို့ တိုးတက်လာတာ၊ ကိုယ်ကလည်း ကိုယ့်ခေတ်နဲ့ ကိုယ့်အယူအဆနဲ့ ကိုယ်က ချိုးကပ်လာတာ။ ဒီတော့ သူတို့လုပ်တဲ့ လုပ်ငန်းတွေကို ကိုယ်က လက်မခံနိုင် စရာတွေ အများကြီး တွေ့နိုင်တယ်။ ဒါပေမယ့် နားလည်ပေးလိုက်တယ် .. .. “သြော် – သမိုင်းကြောင်းမှာ ဒီလိုပဲ ရှေ့သွားတွေရှိတယ်၊ နောက်လိုက်တွေရှိတယ် – နောက်လိုက်တွေက သူတို့ထင်ရာ ဗောက်ချီးတွေ လုပ်ချင် လုပ်မှာပဲလို့ ကိုယ့်ဘက်က မြင်နိုင်တယ် သို့သော်လည်း နားလည်ပေးလိုက်တယ်။”
တစ်ချို့ဟာကျတော့လည်း အကြောင်းကို မပြုတော့ဘူး၊ ဥပေက္ခာကို ပြုလိုက်တယ်၊ လစ်လျူရှုလိုက်တယ်၊ ထည့်ကို မစဉ်းစားတော့ဘူး အဲဒါလည်း ခွင့်လွှတ်တာပါပဲ။
ဒီတော့ လူတိုင်းဟာ ခွင့်လွှတ်ခြင်း အတတ်ပညာတော့ ရှိထားဖို့လိုတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ လောကကြီးဟာ ကိုယ့်ကျေနပ်တဲ့ ဖြစ်ရပ်တွေချည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ဘဲ အခြေခံအားဖြင့် ခံယူထားရမယ်။ ထပ်ပြောပါမယ် .. .. “လောကကြီးရဲ့ ဖြစ်ရပ်တွေဟာ ကိုယ်လက်ခံနိုင်တဲ့ ကျေနပ်စရာ ဖြစ်ရပ်တွေချည်း ဖြစ်လာမှာ မဟုတ်ဘူး။ ကိုယ် မကျေနပ်တာတွေ ကိုယ်လက်မခံနိုင်တာတွေ၊ အများကြီး၊ သူ့အကြောင်း သူ့အကျိုးနဲ့ တိုက်ဆိုင်သလို ဖြစ်မှာပဲ” ဒီတော့ ဒါကို နားလည်ပေးခြင်း၊ ဥပေက္ခာ ပြုခြင်း၊ လစ်လျူရှုခြင်းဟာလည်း ခွင့်လွှတ်ခြင်း တစ်မျိုးပါပဲ။
နောက် ကိုယ့်ဖာသာ နေတတ်ခြင်း ဟာလည်း ခွင့်လွှတ်ခြင်း တစ်မျိုးပါပဲ။
တစ်ချို့ ကိစ္စတွေမှာ ကိုယ့်ဖာသာကိုယ် နေတတ်ရတယ်။ နေတတ်အောင်လည်း နေရတာပဲ – ဘယ်နှယ့် လုပ်မလဲ .. .. မြတ်စွာဘုရား မိန့်တယ်လေ “အတ္တကိဠာမထ နိယော” (အတ္တကိဠာမထ) – ဆိုတာ “ကိုယ့်ကိုယ်ကို ဒုက္ခဖြစ်အောင် မလုပ်ရဘူး” – ဒီတော့ ဒါကို ၀င်စားရင် – ကိုယ့်ကိုယ်ကို ဒုက္ခဖြစ်နေတယ်ဆိုရင် ဒါကို မ၀င်စားပဲ နေရမှာပဲ။ မ၀င်စားခြင်းဟာ လစ်လျူရှုခြင်း၊ လစ်လျူရှုခြင်းဟာ ဥပေက္ခာပဲ၊ ဥပေက္ခာဆိုတော့ အကြောင်း မပြုတော့ဘူးပေါ့။ ဒီလိုနည်းအားဖြင့်လည်း လောကကြီးကို နားလည်ပေးနိုင်တယ်၊ ခွင့်လွှတ်ပေးနိုင်တယ်။
ဒီတော့ ခွင့်တော့လွှတ်တတ်ရမယ်။ ဒါပေမယ့် တစ်ချက် တစ်ချက်မှာ ခွင့်လွှတ်တာနဲ့ ဆုံးမတာကတော့ မတူဘူး။ ခွင့်လွှတ်ပြီးတော့ ဆုံးမတာရှိတယ် – ဆုံးမတာက သူ့အကျိုးပေါ့နော် – အနာဂတ်မှာ သူဖြတ်သန်းရမယ့် ခရီးအတွက် အကျိုးအကြောင်း ရှိတယ်ဆိုရင်တော့ သွန်သင်ပေးလိုက်တာ – ဒါက သွန်သင်ပေးလိုက်တာ ခွင့်မလွှတ်နိုင်လို့ မဟုတ်ဘူး။ ခွင့်လွှတ်နိုင် ခွင့်လွှတ်နိုင်ငြားသော်လည်း - သူဟာ ဒီအတိုင်း ဆက်သွားရင်၊ သူ့ရဲ့ အနာဂတ်ခရီးဟာ ဖြောင့်ဖြူးမှာ မဟုတ်တဲ့အတွက် အဲဒီလိုလမ်းမျိုးကို မသွားရဘူးဆိုတဲ့ သွန်သင်ညွှန်ကြားချက် ပေးတာဟာ ခွင့်မလွှတ်နိုင်လို့ မဟုတ်ဘူး၊ သက်သက် မေတ္တာစေတနာ အမြော်အမြင်နဲ့ သတိပေးတာ၊ ဆုံးမတာပေါ့နော် – အဲဒီလိုလည်း ရှိပါတယ်။
ဒီတော့ ခွင့်လွှတ်ခြင်း အတွက်ကတော့ မိမိကထောက်ခံတယ် – ခွင့်လွှတ်ခြင်း အတတ်ပညာကို လေ့ကျင့်ထားပါ။ ခွင့်လွှတ်နိုင်ရမယ်၊ သို့သော်လည်း ဘယ်သူ့ကိုမှ မဆုံးမရဘူးလို့ မိမိ မပြောလိုပါဘူး။ ကိုယ့် အကြောင်းအကျိုး ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကို ဆုံးမပိုင်ခွင့် ရှိပါတယ်၊ ဆုံးမခြင်းဟာ ခွင့်မလွှတ်နိုင်လို့ မဟုတ်ဘဲ၊ အကျိုးအကြောင်း အဆိုးအကောင်းကို နားလည်သိတတ်စေချင်လို့ မေတ္တာစေတနာ အမြော်အမြင်နဲ့ ဆုံးမတာလို့ပဲ အဓိပ္ပာယ်ဖွင့်လို့ ရကြောင်း ဆိုလိုပါတယ်။
မူရင်းရေးသားသူ
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)